id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,328,401
Uncategorized
အောင်ခြင်းရှစ်ပါး
ထို့နောက် လက်ဝဲနားတွင်းမှ ဝင်လျက် နှာခေါင်းပေါက်မှ ထွက်ပြန်၏။
1,328,402
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်း ခံတွင်းကို ဟသော ထိုခံတွင်းမှ ဝင်လျက် ဝမ်းတွင်း အူအစဉ်တစ်လျှောက် စင်္ကြံကြွ ၏။
1,328,403
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်းကလည်း “ဝင်စဉ်က ငါ မမြင်လိုက်၍သာ သင် ရဟန်း ချမ်းသာရာရသည်။
1,328,404
Uncategorized
အောင်ခြင်းရှစ်ပါး
ထွက်သောအခါ ငါ၏ အစွယ်ဖျား၌ ကြေစေအံ့” ဟု ကြံ၍ “ရဟန်း... ထွက်လှည့်ဦး၊ ရွံရှာဖွယ် အတိပြီးသော ဝမ်းတွင်း၌သာ မနေပါလင့်” ဟု ဆို၏။
1,328,405
Uncategorized
အောင်ခြင်းရှစ်ပါး
အရှင်မောဂ္ဂလာန်လည်း အစွယ်နှစ်မြွာကို ပုတ်ခတ်လျက် အပြင်သို့ ထွက်၏။
1,328,406
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်းလည်း ပြင်းစွာသော နှာခေါင်းလေကို မှုတ်၍ လျင်စွာ ကိုက်ပြန်သည်။
1,328,407
Uncategorized
အောင်ခြင်းရှစ်ပါး
အရှင်မြတ်လည်း ခံတွင်းသို့ဝင်၍ လျှာပေါ်တွင် စင်္ကြံကြွ ပြီးမှ သွားကို ပုတ်ခတ်လျက် ထွက်လာပြန်သည်။
1,328,408
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်းသည် ပြင်းစွာသော ဒေါသဖြင့် အစွမ်းကုန် ညှဉ်းဆဲပါသော်လည်း အရာမထင်။
1,328,409
Uncategorized
အောင်ခြင်းရှစ်ပါး
မွေးညှင်းတစ်ပင်မျှ မလှုပ်သည်ကို မြင်လျှင် လွန်စွာ တုန်လှုပ်ကြောက်ရွံ့သွားသည်။
1,328,410
Uncategorized
အောင်ခြင်းရှစ်ပါး
“ဤအရှင်ကား တန်ခိုးကြီးမားလှ၏။
1,328,411
Uncategorized
အောင်ခြင်းရှစ်ပါး
ငါပြုသမျှ အချည်းအနှီးသာ ဖြစ်ချေသည်။
1,328,412
Uncategorized
အောင်ခြင်းရှစ်ပါး
ဤအရှင်နှင့် တန်ခိုးပြိုင်၍ မနိုင်ပေရာ။
1,328,413
Uncategorized
အောင်ခြင်းရှစ်ပါး
ပြေးမှသာ ဖြစ်တော့မည်” ဟု ကြံ၏။
1,328,414
Uncategorized
အောင်ခြင်းရှစ်ပါး
ချက်ချင်းပင် နဂါးကြီးသဏ္ဌာန်ကို ပယ်လျက် နဂါးငယ်ဟန် ဖန်ဆင်း၍ ရေသို့ သက်၏။
1,328,415
Uncategorized
အောင်ခြင်းရှစ်ပါး
ရှင်မောဂ္ဂလာန် ကလည်း ဂဠုန်အဟန် ဖန်ဆင်း၍ လိုက်၏။
1,328,416
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ နဂါးမင်းသည် လူသားအဟန် ဖန်ဆင်း၍ နေ၏။
1,328,417
Uncategorized
အောင်ခြင်းရှစ်ပါး
အရှင်မြတ်ကလည်း နတ်ဘီလူးကြီးအဟန် ဖန်ဆင်း၍ ကိုက်စားဟန် ပြု၏။
1,328,418
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါမှ နဂါးမင်းသည် အရှုံးပေးကာ လုလင်ဟန် ဖန်ဆင်း၍ “အရှင်ဘုရား... အကျွန်ုပ်ကား မှားခြင်းကြီး မှားချေပြီ။
1,328,419
Uncategorized
အောင်ခြင်းရှစ်ပါး
ဤနေ့မှစ၍ အရှင်မြတ်တို့အား လေးမြတ်ရိုကျိုး ကိုးကွယ်ပါတော့မည်” ဟု ဆိုလျက် အရှင်မြတ်၏ ခြေရင်း၌ ဦးဖြင့်တိုက်၍ နေလေသည်။
1,328,420
Uncategorized
အောင်ခြင်းရှစ်ပါး
အရှင်မြတ်က “အချင်းပနန္ဒ... ထလော့... ထလော့။
1,328,421
Uncategorized
အောင်ခြင်းရှစ်ပါး
လူသုံးပါး၏ စီးပွားချမ်းသာကို လွန်စွာ ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် သင့်အား သနားကရုဏာဖြင့် ကြွတော်မူလာ၍ ယုဂန္ဓိုရ်တောင်ထိပ်ဝယ် စံပယ်တော်မူသည်။
1,328,422
Uncategorized
အောင်ခြင်းရှစ်ပါး
သင်လိုက်ခဲ့လော့” ဟု မိန့်တော်မူ၍ ဘုရားရှင်၏ ရှေ့တော်သို့ ခေါ်ဆောင်လာသည်။
1,328,423
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်သည် နဂါးမင်းအား နဂါးနှင့်လျောက်ပတ်သော ဓမ္မကထာဖြင့် ကောင်းစွာ ဆုံးမတော်မူသည်။
1,328,424
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်းအား ဥပါသကာ အဖြစ် ခံယူစေသည်။
1,328,425
Uncategorized
အောင်ခြင်းရှစ်ပါး
ဤသို့လျှင် နန္ဒောပနန္ဒနဂါးမင်း အား အောင်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ စတုတ္ထအောင်ခြင်းပင် ဖြစ်ပေသည်။
1,328,426
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်သည် ဤသို့ နဂါးမင်းကို နှိမ်နင်းချေချွတ်တော်မူပြီးသော် ရဟန္တာငါးရာနှင့်အတူ အနာထပိဏ် သူဌေးအိမ်သို့ ကြွတော်မူသည်။
1,328,427
Uncategorized
အောင်ခြင်းရှစ်ပါး
သူဌေးကြီးလည်း ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆိုလျက် “အရှင်ဘုရားသည် အဘယ်အကြောင်းကြောင့် နေမြင့်မှ ကြွတော်မူပါသနည်း” ဟု လျှောက်ထားသည်။
1,328,428
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်လည်း “နန္ဒောပနန္ဒနဂါးမင်း အား သွား၍ ချေချွတ်တော်မူရသောကြောင့် နေမြင့် ပေသည်” ဟု မိန့်တော်မူကာ ဖြစ်ပျက်ပုံ အလုံးစုံကို ပြန်လည်ဟောကြားတော်မူသည်။
1,328,429
Uncategorized
အောင်ခြင်းရှစ်ပါး
အနာထပိဏ် သူဌေးလည်း ထိုအကြောင်းကို ကြားသိရသောအခါ လွန်စွာ ဝမ်းသာကြည်နူးပြီး သဒ္ဓါတရား ပိုမိုတက်သွားသည်။
1,328,430
Uncategorized
အောင်ခြင်းရှစ်ပါး
“အရှင်ဘုရား တပည့်တော်၏အိမ်၌ ခုနစ်ရက်တိုင်တိုင် အရှင်မြတ်တို့ ဆွမ်းဘုဉ်းပေးတော်မူပါ” ဟု လျှောက်၍ လုပ်ကျွေးပြုစုလေသည်။
1,328,431
Uncategorized
အောင်ခြင်းရှစ်ပါး
(၂) မဟာဗုဒ္ဓဝင် (စတုတ္ထတွဲ) (တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ)
1,328,432
Uncategorized
အောင်ခြင်းရှစ်ပါး
၈။ ဗကဗြဟ္မာမင်းကို အောင်ခြင်း
1,328,433
Uncategorized
အောင်ခြင်းရှစ်ပါး
မြတ်စွာဘုရားသခင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်တွင် မိစ္ဆာဒိဋ္ဌိ အယူရှိသော ဗကဗြဟ္မာမင်းနှင့် ခုနစ်ကျိပ်နှစ်ပါး သော ဗြဟ္မာတို့ကို ဟောပြောချေချွတ်ရန် မြင်တော်မူသည်။
1,328,434
Uncategorized
အောင်ခြင်းရှစ်ပါး
သို့ဖြင့် ဗြဟ္မာ့ပြည်သို့ ကြွတော်မူ၍ ဟောပြောချေချွတ်တော်မူခဲ့သည်။
1,328,435
Uncategorized
အောင်ခြင်းရှစ်ပါး
ဗကဗြဟ္မာကြီးသည် ရှေးအခါ တစ်ခုသော ကမ္ဘာဝယ် လူတို့နေရာ ဗာရာဏသီပြည်၌ ကေသဝ မည်သော ပုဏ္ဏားသူကြွယ် ဖြစ်ခဲ့သည်။
1,328,436
Uncategorized
အောင်ခြင်းရှစ်ပါး
အိမ်ရာထောင်မှု၏ အပြစ်ကို မြင်သဖြင့် တောအုပ်ကြီးတစ်ခုဝင်၍ ရသေ့ပြုသည်။
1,328,437
Uncategorized
အောင်ခြင်းရှစ်ပါး
စတုတ္ထကသိုဏ်းဝန်းကို ရှု၍ လောကီဖြစ်သော ဈာန်သမာပတ်တို့ကို မပြတ် ကြိုးစားလေ့လာသည်။
1,328,438
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုစဉ် လှည်းကုန်သည်ငါးရာသည် သဲကန္တာရကို ဖြတ်ကူးရာ ခုနစ်ရက်ပတ်လုံး လမ်းမှားနေသည်။
1,328,439
Uncategorized
အောင်ခြင်းရှစ်ပါး
ရိက္ခာပြတ်လပ်ကာ ပင်ပန်းကြီးစွာ ရောက်နေကြရရှာသည်။
1,328,440
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဗကဗြဟ္မာလောင်း ကေသဝရသေ့က “ဤသူတို့ ချမ်းသာရာရရန် ငါကယ်မည်” ဟူ၍ ကြံ၏။
1,328,441
Uncategorized
အောင်ခြင်းရှစ်ပါး
အဘိညာဉ်တန်ခိုးဖြင့် သောက်ချိုးမကုန်နိုင်သော ဂင်္ဂါမြစ်ရေကို စီးစေသည်။
1,328,442
Uncategorized
အောင်ခြင်းရှစ်ပါး
အသီးအပွင့်နှင့် ပြည့်စုံသော တောအုပ်ကို ဖန်ဆင်းပေးသည်။
1,328,443
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါမှ ကုန်သည်တို့လည်း အလိုဆန္ဒပြည့်ဝသွားကြသည်။
1,328,444
Uncategorized
အောင်ခြင်းရှစ်ပါး
အလိုရှိရာ ခရီးသို့ ချမ်းသာစွာ သွားနိုင်ကြသည်။
1,328,445
Uncategorized
အောင်ခြင်းရှစ်ပါး
တစ်ခါကလည်း ကေသဝရသေ့သည် ဧဏီမြစ်ဘေးရှိ ပစ္စန္တရစ်ရွာကို မှီ၍ နေထိုင်သည်။
1,328,446
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုစဉ် ရွာသူရွာသားတို့အား ခိုးသားတို့ လုယက်တိုက်ခိုက် ခေါ်ဆောင်သွားသည်ကို သိရှိရသည်။
1,328,447
Uncategorized
အောင်ခြင်းရှစ်ပါး
ကေသဝရသေ့သည် ရွာသူရွာသားတို့၏ ငိုကြွေးသံကိုကြားကာ ကရုဏာဖြစ်မိသည်။
1,328,448
Uncategorized
အောင်ခြင်းရှစ်ပါး
ဤတွင် ရသေ့သဏ္ဌာန်ကို ဖျောက်၍ မင်း၏သဏ္ဌာန်ကို ဖန်ဆင်းလိုက်သည်။
1,328,449
Uncategorized
အောင်ခြင်းရှစ်ပါး
ရဲမက်ဗိုလ်ပါ အခြံအရံတို့ကို လည်း ဖန်ဆင်းလိုက်သည်။
1,328,450
Uncategorized
အောင်ခြင်းရှစ်ပါး
ခိုးသားတို့ မြင်ရာ ကြောက်လန့်၍ ထွက်ပြေးသွားကြသည်။
1,328,451
Uncategorized
အောင်ခြင်းရှစ်ပါး
ရွာသူရွာသားတို့ ချမ်းသာရာရခဲ့သည်။
1,328,452
Uncategorized
အောင်ခြင်းရှစ်ပါး
တစ်ခါကလည်း မြစ်အတွင်းသို့ စားကြွင်းစားကျန် စွန့်ပစ်သည့် အမတ်မင်းချင်းငါးရာတို့အား ဂင်္ဂေယျနဂါးမင်း အမျက်ကြီးစွာ ထွက်၍ ရန်ပြုသည်။
1,328,453
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်းသည် ကြီးစွာသော ကိုယ်ကို ဖန်ဆင်းလျက် ပါးပျဉ်းဖြန့်ကာ မင်းချင်းတို့ စီးနင်းလိုက်ပါလာသော ဖောင်ရှိရာသို့ ရှေးရှုလာသည်။
1,328,454
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းချင်းတို့ ထိတ်လန့်ကြသဖြင့် အော်ဟစ်ကြသည်။
1,328,455
Uncategorized
အောင်ခြင်းရှစ်ပါး
ဤတွင် ကေသဝရသေ့သည် ဂဠုန်ဟန် ဖန်ဆင်းလိုက်သည်။
1,328,456
Uncategorized
အောင်ခြင်းရှစ်ပါး
နဂါးမင်းအား ခြိမ်းခြောက်၍ လိုက်ရာ နဂါးကြီး ထွက်ပြေးသွားရသည်။
1,328,457
Uncategorized
အောင်ခြင်းရှစ်ပါး
မင်းချင်းတို့ သေဘေးမှ ကင်းလွတ်ခဲ့ကြသည်။
1,328,458
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုစဉ်အခါက ဂေါတမဘုရားလောင်းသည် ကေသဝရသေ့၏ အန္တေဝါသိက တပည့် ဖြစ်ဖူးသည်။
1,328,459
Uncategorized
အောင်ခြင်းရှစ်ပါး
ကပ္ပရရသေ့ အမည်တွင်ခဲ့သည်။
1,328,460
Uncategorized
အောင်ခြင်းရှစ်ပါး
ဤသို့လျှင် ကြီးစွာသော ဇီဝိတဒါနကို အခါခါ ပြုခဲ့ရုံမက အနှစ်တစ်သိန်းမျှလောက် ရသေ့ပြု၍ လောကီဈာန်သမာပတ်တို့ကို မပြတ်လေ့လာသဖြင့် ဗကဗြဟ္မာလောင်းသည် ခန္ဓာကြွေသောအခါ ဝေဟပ္ဖိုလ်ဘုံ ဟု ခေါ်သော စတုတ္ထဈာန်ဘုံ၌ ဗြဟ္မာမင်း ဖြစ်လာခဲ့သည်။
1,328,461
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုဘုံ၌ မဟာကပ်ငါးရာပတ်လုံး ဗြဟ္မာတို့၏ ချမ်းသာကို ခံစားခဲ့သည်။
1,328,462
Uncategorized
အောင်ခြင်းရှစ်ပါး
တစ်ဖန် စုတေသော် တတိယဈာန်ဘုံတွင် ၆၄-ကမ္ဘာ အသက်ရှည်သော သုဘကိဏှာဘုံ၌ ဖြစ်၏။
1,328,463
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုမှ စုတေပြန်သော် ဒုတိယဈာန်သုံးဘုံတွင် ရှစ်ကမ္ဘာ အသက်ရှည်သော အာဘဿရာဘုံ၌ ဖြစ်၏။
1,328,464
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုဘုံမှ စုတေသော် ပထမဈာန်သုံးဘုံတွင် မဟာဗြဟ္မာ့ဘုံ၌ ဖြစ်၍ ဗကဗြဟ္မာမင်း ဖြစ်လာသည်။
1,328,465
Uncategorized
အောင်ခြင်းရှစ်ပါး
အသင်္ချေယျတစ်ကပ်ပတ်လုံး အသက်ရှည်၏။
1,328,466
Uncategorized
အောင်ခြင်းရှစ်ပါး
ဤသို့ တစ်ဆင့်အောက်တစ်ဆင့် အသက်တိုသောဘုံ၌ ဖြစ်လာရသော်လည်း အထက်အထက်ဘုံမှ စုတေရသော ရုပ်နာမ်အစဉ်ကိုလည်း မမှတ်မိ။
1,328,467
Uncategorized
အောင်ခြင်းရှစ်ပါး
ပဋိသန္ဓေကိုလည်း မထင်။
1,328,468
Uncategorized
အောင်ခြင်းရှစ်ပါး
လက်ရှိဘဝအတိုင်းပင် တည်သည်ဟု မှတ်နေသည်။
1,328,469
Uncategorized
အောင်ခြင်းရှစ်ပါး
“ငါတို့ ဗြဟ္မာဇာတ်ကား မြတ်သော၊ မြဲသော၊ နိစ္စဓူဝ ချမ်းသာပင်တည်း။
1,328,470
Uncategorized
အောင်ခြင်းရှစ်ပါး
ဤအဖြစ်ထက် လွန်၍ရှာရန် နိဗ္ဗာန်မည်သည် မရှိပြီ။
1,328,471
Uncategorized
အောင်ခြင်းရှစ်ပါး
ဤဗြဟ္မာကိုယ်သည် အိုခြင်း၊ နာခြင်း၊ သေခြင်း စသော ဆင်းရဲမရှိ။
1,328,472
Uncategorized
အောင်ခြင်းရှစ်ပါး
သုခအတိဖြစ်သော နိဗ္ဗာန်ပင်တည်း” ဟု အယူရှိ၏။
1,328,473
Uncategorized
အောင်ခြင်းရှစ်ပါး
ဗကဗြဟ္မာ၏ အနီးအပါး၌ရှိသော ခုနစ်ကျိပ်နှစ်ပါးသော ဗြဟ္မာတို့သည်လည်း ဤနည်းပင် အယူရှိကြသည်။
1,328,474
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအကြောင်းကို ဂေါတမဘုရားရှင် သိမြင်တော်မူသဖြင့် ဗြဟ္မာ့ပြည်သို့ ရုတ်ခြည်းကြွ၍ ထင်စွာ ရပ်တော်မူ၏။
1,328,475
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်အား ဗကဗြဟ္မာကြီး မြင်လတ်သော် “အရှင်ဂေါတမ၊ ဗြဟ္မာ့ရွာသို့ လာခြင်းကား ကောင်းသော လာခြင်းတည်း။
1,328,476
Uncategorized
အောင်ခြင်းရှစ်ပါး
လုံ့လပြု၍ ကျင့်တော်မူပါ။
1,328,477
Uncategorized
အောင်ခြင်းရှစ်ပါး
ကျွန်ုပ်တို့ ဗြဟ္မာ့ရွာ၌ ဖြစ်တည်လျှင် ဆင်းရဲခြင်း ကင်းပါတော့သည်” ဟု လျှောက်၏။
1,328,478
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်ကလည်း ထက်ဝန်းကျင်မှ လာကြကုန်သော ဗြဟ္မာတို့အား သက်သေထား၍ “အို... များစွာကုန်သော ဗြဟ္မာအပေါင်းတို့၊ ဤ ဗကဗြဟ္မာသည် အဝိဇ္ဇာ တည်းဟူသော အမှောင်တိုက်အတွင်းသို့ ဝင်နေပြီတကား။
1,328,479
Uncategorized
အောင်ခြင်းရှစ်ပါး
ပြုံးအတွင်း၌ ရှိသော ငှက်သည် လွတ်ထွက်ပြီးသော သတ္တဝါကို ချမ်းသာလိုကြလျှင် ငါ့ထံလာလှည့်ဟု ခေါ်သကဲ့သို့ ဖြစ်နေသည်။
1,328,480
Uncategorized
အောင်ခြင်းရှစ်ပါး
ချွတ်ချော်သော မိစ္ဆာဉာဏ်ဖြင့် ဗြဟ္မာ့သဏ္ဌာန်ကို နိဗ္ဗာန် ဟု ထင်မှတ်နေပြီ။
1,328,481
Uncategorized
အောင်ခြင်းရှစ်ပါး
မှားလေစွတကား။
1,328,482
Uncategorized
အောင်ခြင်းရှစ်ပါး
ဖြစ်လတ္တံ့သော ဘေးကို မမြင်။
1,328,483
Uncategorized
အောင်ခြင်းရှစ်ပါး
“အနိစ္စကိုပင် နိစ္စ၊ အသုခကိုပင် သုခဟု ပြောနေရှာပြီ။
1,328,484
Uncategorized
အောင်ခြင်းရှစ်ပါး
နိဗ္ဗာန်သည် ဧကန်ရှိလျက် မသိရှိလေတကား” ဟု မိန့်တော်မူသည်။
1,328,485
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဗကဗြဟ္မာကြီးက “ဤအယူဝါဒကို ကျွန်ုပ်တစ်ပါးတည်းသာ ယူသည်မဟုတ်၊ ကျွန်ုပ်နှင့် ရှေးကောင်းမှု ပြုဖော်ဖြစ်သည့် ဗြဟ္မာ ခုနစ်ကျိပ်နှစ်ပါးတို့သည်လည်း ကျွန်ုပ်နည်းတူ ခံယူကြသည်။
1,328,486
Uncategorized
အောင်ခြင်းရှစ်ပါး
ဗြဟ္မာ့ဘဝသည် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ လွတ်ကြသောကြောင့် နိစ္စထာဝရ တည်သော နိဗ္ဗာန်ဟု ကျွန်ုပ်တို့ ခံယူထားကြသည်” ဟု လျှောက်ထားသည်။
1,328,487
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်က “ချစ်သား ဗက... ဤဗြဟ္မာ့ရွာ၌ သင်ကြာသော ကာလကား အန္တရကပ် အရေအတွက်အားဖြင့် ၁၃၆၄၃၂-ကပ်သာ ဖြစ်သည်။
1,328,488
Uncategorized
အောင်ခြင်းရှစ်ပါး
နှစ်အရေအတွက်အားဖြင့် နိရဗ္ဗုဒ (တစ် ၁-လုံး သုည ၃၆-လုံး) တစ်သိန်းမျှသာ ရှိသေးသည်။
1,328,489
Uncategorized
အောင်ခြင်းရှစ်ပါး
ဇာတိ၊ ဇရာ၊ မရဏကိုလည်း မလွန်သေး။
1,328,490
Uncategorized
အောင်ခြင်းရှစ်ပါး
စုတေရမည် မချွတ်ဟု ငါမြင်တော်မူသည်။
1,328,491
Uncategorized
အောင်ခြင်းရှစ်ပါး
သင်သည် ပညာကင်းသောကြောင့် အသက်ကြွင်းကိုမျှ မမြင်ဖြစ်နေပြီ” ဟု မိန့်တော်မူသည်။
1,328,492
Uncategorized
အောင်ခြင်းရှစ်ပါး
ဗကဗြဟ္မာက “ကျွန်ုပ်တို့၏ ရှေးကောင်းမှုနှင့် ကျွန်ုပ်တို့ အကြောင်းကို သင် အမှန် ဟောဆိုနိုင်လျှင် ဘုရားဟု ယုံကြည်ပါမည်” ဟု လျှောက်ထား၏။
1,328,493
Uncategorized
အောင်ခြင်းရှစ်ပါး
ထိုအခါ ဘုရားရှင်က ကေသဝမည်သော ပုဏ္ဏားသူကြွယ် ဖြစ်စဉ်ဘဝမှစ၍ ဗကဗြဟ္မာကြီး၏ ရှေးဘဝဖြစ်စဉ်ကို ဟောတော်မူသည်။
1,328,494
Uncategorized
အောင်ခြင်းရှစ်ပါး
ဗကဗြဟ္မာကြီး မေးတိုင်းကိုလည်း ဖြေဆိုတော်မူသည်။
1,328,495
Uncategorized
အောင်ခြင်းရှစ်ပါး
နောက်ဆုံး၌ ဗကဗြဟ္မာကြီးသည် မေးမြန်းစရာ မရှိ။
1,328,496
Uncategorized
အောင်ခြင်းရှစ်ပါး
မိမိအရှုံးကို ဖုံးလွှမ်းရန် ဝါဒစကား ယှဉ်ပြိုင် ပြောဆိုခြင်းကို ပယ်ရှားလိုက်သည်။
1,328,497
Uncategorized
အောင်ခြင်းရှစ်ပါး
ပုန်းကွယ် ပျောက်လျှိုး တန်ခိုးပြိုင်ခြင်း ပြုလိုရကား “အချင်း ငါသည် သင့်မျက်မှောက်၌ပင် ကိုယ်ကိုဖျောက်၍ ပုန်းကွယ်ပြမည်၊ သင် ရှာကြည့်လော့” ဟု ဆို၏။
1,328,498
Uncategorized
အောင်ခြင်းရှစ်ပါး
ဘုရားရှင်ကလည်း “ဗက... စွမ်းနိုင်လျှင် ပုန်းကွယ်လော့”ဟု မိန့်တော်မူသည်။
1,328,499
Uncategorized
အောင်ခြင်းရှစ်ပါး
ဗကဗြဟ္မာသည် ဘုရားရှင်၏ မျက်မှောက်တော်မှ ကိုယ်ဖျောက်၍ ပျောက်ကွယ်ရန် အားထုတ်ကြိုးပမ်း၏။
1,328,500
Uncategorized
အောင်ခြင်းရှစ်ပါး
သို့သော်လည်း မရ။